
အခုအချိန်ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာအချိန်လေးပေါ့ခင်ဗျာ။ ဘာကြောင့်လည်းဆိုတော့ ဒူဘိုင်းရဲ့ အခန်းထဲမှာရော၊ ဘလော့ဂ်ပေါ်မှာရော ငုတ်တုတ်ထိုင် ငိုငိုနေရတဲ့ဒုက္ခက ကင်းသွားခဲ့ရပါပြီ။ ဟုတ်ကဲ့.. ကျွန်တော်အမိမြန်မာနိုင်ငံရန်ကုန်မြို့ ကိုခေတ္တခဏ ပြန်ရောက်နေလို့ပါခင်ဗျာ။ ကျွန်တော့်ဇနီးလေးအနား ပြန်ကပ်နေခွင့်ရတော့ အရမ်းကိုပျော်နေပါတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ သူ့လက်ကလေးကိုတွဲတွဲပြီး သွားနေရတာ မိုးမမြင်လေမမြင်လည်း ဖြစ်နေပါတယ်။ ဘလော့ဂ်ကိုလည်း တော်တော်ကိုမေ့ထားခဲ့မိပါတယ်။ အင်္ဂလန်က၊ အမေရိကားက၊ ဒူဘိုင်းကလာကြည့်ကြတဲ့ ကျွန်တော့်မိတ်ဆွေတွေကိုလည်း အားနာမိပါတယ်။ ကျွန်တော်လည်း ရန်ကုန်ရောက်နေတော့ ဒူဘိုင်းကအကြောင်းအရာတွေကို ရေးဖို့နည်းနည်းအလှမ်းဝေးသွားပါတယ်။ နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိပေးချင်တာက အောက်မှာပြထားတဲ့အရွယ်အစားအိတ်ကို ဘယ်တော့မှာ Hand Carry အဖြစ် Singapore Airline မှာမသုံးပါနဲ့။

တခြားလိုင်းတွေဆိုရင် ပြသနာမရှိပါဘူး။ ကိုယ်ကအစီအစဉ်တကျအိမ်မှာ အကုန်မိမိအိတ်ထဲမှာ ထည့်ပြီးမှ လေဆိပ်မှာပြန်ထုတ်နေရပါမယ်။ စကာင်္ပူအဲယားလိုင်းက ကီလို ၂၀ ရပါတယ်။ Hand Carry ကိုလည်းလက်ဆွဲအိတ်သေးသေးပဲ ယူပါ။ ကျွန်တော်အကြီးအကျယ်ဒုက္ခရောက်ခဲ့ရလို့ သတိပေးတာပါခင်ဗျာ။ တခြားဆားဗစ်တွေကတော့ အရမ်းကိုသာလွန်ပါတယ်။ စီးကြည့်ပေါ့ခင်ဗျာ။ Changi Airport ကိုရောက်ရင်ပဲ ထူးခြားမှုတွေကို တွေ့ရမှာပါ။

ကောင်မလေးရေ…
နေမ၀င်တဲ့ အချိန်မှာ
နေထွက်နေတယ်။
အဲဒီအခါမှာ နင်ဟာ ညရဲ့အရောင်လေးနဲ့ပေါ့။
မကြည့်ပဲ မြင်ခဲ့ပေမယ့်
မြင်ဖို့အတွက် နောက်တစ်ခေါက်
ကြည့်မိတယ်ဆိုရင်
ဒါဟာ ငါ့ရဲ့ပထမဆုံး တွေ့ဆုံခြင်းပဲလား။
ညနေခင်း….
ငါ့ဘ၀တစ်ခုလုံးအတွက်
အစပြုပေးခဲ့တဲ့ ညနေခင်းပါ။
လူတွေအများကြီးထဲမှာ
အထူးသဖြင့် ငါနဲ့ မတူသူတွေ အများကြီးထဲမှာ
နင့်ကို ငါ့အတွက် တူစေချင်ခဲ့တယ်။
နင်ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ နင်ပြုံးခဲ့တဲ့
နှုတ်ခမ်းတစ်ခုကို ငါ့နှလုံးသားအတွက်
တွေးတောမိရင်းနဲ့ နင့်ရဲ့နှုတ်ခမ်းအစုံမှာ
ငါ့ရဲ့နှုတ်ခမ်းတစ်စုံကို တပ်ခွင့်ပြုပါလား . . ကောင်မလေးရေ။
ဒီလိုနဲ့…
ဒီလိုနဲ့…
နင်မှန်ခဲ့ပါတယ်။
ရေကိုနက်နက်မကူးဖူးခဲ့တဲ့ ငါဟာ
အချစ်နဲ့ ပတ်သက်ပြီး ငါးလိုနှုတ်မလုံခဲ့ဘူး။
မလေးနက်ခဲ့ဘူး။
ငါ့ရင်ဘတ်ထဲကို ခေါက်သံလေးတစ်ချက်နဲပ
နင်ဝင်လာခဲ့ပေမယ့်
ငါဝင်မယ်ကြံတဲ့ နင့်ရင်ဘတ်မှာတော့
အပေါက်လဲ မတွေ့ခဲ့ဘူး။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
ကမ္ဘာကျော်အဆိုတစ်ခုကို ငါကလည်း
ကမ္ဘာမကျော်ပဲ လက်ဆွဲထားခဲ့တော့…….
သူငယ်ချင်းရေ…
ဒီလိုပဲ ငါခေါ်ရမလား။
ချစ်သူရေ…
ဒီလိုပဲ ငါခေါ်ရမလား။
မာနလား၊ သစ္စာလား ရွေးလို့မရတဲ့
ဒီပုံပြင်တွေထဲမှာ အချစ်ဟာလဲ တမတ်စေ့တစ်စေ့လိုပေါ့။
နင်ကလည်း မကောက်ခဲ့ဘူး။
ငါကလည်း မသိခဲ့ဘူး။
ဒါပေမယ့်…
ဒါပေမယ့်…
အရှင့်အလိုတော်နဲ့ ငါရော နင်ပါ ပြန်မြင်ခွင့်ရတဲ့
ငါတို့ရဲ့ မျက်နှာတွေဟာ လက်ဖ၀ါးတွေ
ကျင်ရလောက်အောင် အေးစက်စက်နဲ့ပေါ့။
အခုရော…
သူငယ်ချင်းရေ…
ဒီလိုပဲ နင်ခေါ်မလား။
ချစ်သူရေ…
ဒီလိုပဲ နင်ခေါ်မလား။
နင်မခေါ်ခင် နည်းနည်းတော့ ပြုံးပေးပါ။
လာမယ့်အနာဂတ်အတွက်ပေါ့။
လိုသလိုဆွဲယူလို့မရတဲ့ လ္ဘက်ရည်ဆိုင်ကတစ်ရှုးတွေလို
ငါတို့စကားတွေ လိပ်နေတယ်။
ဖော်ရွေမှုတွေ အများကြီးမပါခဲ့ဘူး။
ကောင်မလေးရေ…
ဒါတွေဟာ မှတ်တမ်းမဟုတ်ပါဘူး။
ဒါပေမယ့် ငါတို့ ၂ ယောက်ရဲ့သက်တမ်းတွေပါ။
ငါရောနင်ပါ လိုသလိုမဆွဲချင်ပါနဲ့။
အစကနေအဆုံး အရှင့်အမိန့်ထဲမှာ လိပ်နေတယ်။
ငါ့ကိုယ်ငါဂရုစိုက်ပြီး ပြန်ကြည့်လာတော့
တခြားလူတွေကိုပါ ငါပြန်မြင်တတ်လာတယ်။
ငါ့ကိုယ်ငါ ပြန်သင်တတ်လာတယ်။
ကောင်မလေးရေ…
ဟိုစာအုပ်ထဲကလို ပျံသန်းလို့မရတဲ့ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်မိတယ်။
ငါရောနင်ဟာ လူတွေပါ။
လူတွေပျံသလို ပျံလို့ရပြီလား။
လူပီသပြီလား။
အချစ်ကိုသိတဲ့ လူတွေထဲမှာ
ငါကပဲ နောက်အကျဆုံးလား။
အချစ်ကပဲ နောက်ဆုံးမှာလား။
ပျော်ရတယ်…
ငိုရတယ်…
နောက်ဆုံးမှာပဲ ငိုရတယ်။
ပျော်ရတယ်။
သူငယ်ချင်း …
နင်ဒီလိုပြောတဲ့အချိန် အရှင့်ဘက်က
ကြီးမားတဲ့ စီမံကိန်းနဲ့အတူ
ဒုတိယမြောက် တွေ့ဆုံပေးခဲ့ခြင်းပေါ့။
ငါ နဲ့ နင့်ကို။
ကောင်မလေးရေ…
နင်ဟာငါ့ရဲ့ဘ၀ပါ။
ငါတို့အချစ်တွေမှာ ငါတို့ဦးနှောက်တွေမပါဘူး။
မာနတွေမပါဘူး။ သံသယတွေမပါဘူး။
အရှင့်ကို သတိရပါ။ အရှင့်ကို ကျေးဇူးတင်ပါ။
ငါလည်းသတိရရင်း ကျေးဇူးတင်ရင်းနဲ့
အရှင့်ကျောင်းတော်ရှေ့မှာ
နင့်ရဲ့လက်ကိုငါတွဲထားချင်တယ်။
ငါတို့ရဲ့လက်ကို ကျမ်းဂန်တွေက တွဲထားပါစေ။
ကောင်မလေးရေ…
အရှင့်ကျေးဇူးတွေအတွက် ဖွဖွလေးပဲ
ရယ်ပါ။
အားဆေးပုလင်း